လိင်အကြောင်း ပိုမိုရှာဖွေရန်

လိင်ပိုင်းဆိုင်ရာ ခံယူချက်နှင့် လိင်ဖြစ်တည်မှု

ယောကျာ်းကောမိန်းမပါ ချစ်တတ်သည့်သူ လိင်တူ လိင်ကွဲနှစ်မျိုးလုံးကို စုံမက်သူ၊ လိင်တူချင်း စုံမက်သူ၊ ယောကျ်ားချင်း လိင်တူဆက်ဆံသူ၊ မိန်းမချင်း လိင်တူဆက်ဆံသူ စသဖြင့် လိင်စိတ်ယိမ်းယိုင်မှု (တစ်ခါတစ်ရံ လိင်စိတ်အခြေအနေ)ကို ဖော်ပြရန် သုံးနှုန်းသည့် အခေါ်အဝေါ်များစွာ ရှိပါသည်။
ယောကျ်ား၊ မိန်းမ၊ Transgender ဆိုပြီးတော့လည်း မိမိတို့ရဲ့ လိင်အမျိုးအစား သတ်မှတ်ချက်ကို စကားလုံးအမျိုးမျိုးသုံးပြီး သတ်မှတ်ကြပါတယ်။

သင့်ရဲ့ လိင်တူ၊ လိင်ကွဲ အပေါ်စိတ်ဝင်စားမှု၊ မိမိရဲ့ လိင်စိတ်အခြေအနေနဲ့ အမျိုးအစားကို သေချာ ခွဲခြားသိပြီးသားဖြစ်နိုင်သလို မကွဲပြားသေးလို့ စူးစမ်းနေဆဲလည်း ဖြစ်နိုင်ပါတယ်။

အဖို အမ ကွဲပြားခြားနားချက်၊ ယောကျာ်း၊ မိန်းမ၊ လိင်အမျိုးအစားတွေအကြောင်းကို ပိုမိုရှင်းရှင်းလင်းလင်းနားလည်နိုင်ရန် ဒီမှာ လေ့လာဖတ်ရှုနိုင်ပါသည်။
လိင်ပိုင်းဆိုင်ရာ စိတ်ခံစားမှုအခြေအနေတွေနဲ့ လိင်ပိုင်းဆိုင်ရာ သတ်မှတ်မှုများအကြောင်းမပြောခင် တစ်ချို့အခြေခံအတွေးအခေါ်တွေကို အရင်သိထားသင့်ပါတယ်။

လိင်

လိင်ဆိုတာက သင်မွေးဖွားလာတဲ့အခါ ခန္ဓာအတွင်း၊ အပြင်လိင်အင်္ဂါများ၊ ဟော်မှုန်းထွက်နှုန်း၊ အမွှေးအမျှင်များထွက်လာခြင်း၊ ရင်သား ဖွံ့ဖြိုးကြီးထွားမှုစတဲ့ ဇီဝ သွင်ပြင်လက္ခဏာများကို အခြေခံထားတဲ့ သတ်မှတ်ချက်ဖြစ်ပါတယ်။

လူတွေမှာ သူတို့ရဲ့ ကိုယ်ပိုင်၊ သူမတူတဲ့ ခန္ဓာကိုယ်နဲ့ ဟော်မုန်းထွက်နှုန်းတွေရှိပြီး အဲဒီမတူညီတဲ့အရာတွေကပဲလူတစ်ယောက်ရဲ့ ကိုယ်ပိုင်ပုံစံတစ်ခုကို ဖြစ်လာစေတာပါ။

အချို့လူတွေကတော့ ယောကျ်ားမဟုတ်၊ မိန်းမမဟုတ် (Intersex) လို့ခေါ်ပြီး သူတို့ရဲ့ ဟော်မုန်းတွေ၊ မျိုးပွားအင်္ဂါ စတဲ့ သွင်ပြင်လက္ခဏာတွေက ယောကျ်ား (သို့) မိန်းမ သွင်ပြင်လက္ခဏာနဲ့ မကိုက်ညီတတ်ကြပါဘူး။

လိင်ပိုင်းဆိုင်ရာဖြစ်တည်မှု

လိင်ပိုင်းဆိုင်ရာဖြစ်တည်မှုဆိုတာ မိမိကိုယ်ကို ယောကျ်ား (သို့) မိန်းမ အဖြစ် ကိုယ်တိုင် သတ်မှတ်ခံယူထားတဲ့ အရာလို့ ဆိုလို့ရပါတယ်။
မွေးတာနဲ့ ယောကျာ်းလိင်တံနဲ့ဆို ယောကျ်ား (သို့မဟုတ်)မိန်းမကိုယ်နဲ့ဆို မိန်းမဆိုပြီး သတ်မှတ်တာမျိုးတွေ မဟုတ်ပါဘူး။ လိင်ပိုင်းဆိုင်ရာဖြစ်တည်မှုဟာ သင့်ကိုယ်သင်ဘယ်လိုခံစားရလဲဆိုတာနဲ့ အများကြီးဆိုင်ပါတယ်။ အချို့လူတွေက ယောကျ်ား၊ မိန်းမ ဇီဝအင်္ဂါနဲ့ ပုံပန်းရှိသော်လည်းသူတို့ရဲ့လိင်ဖြစ်တည်မှုအထောက်အထားက ဆန့်ကျင်ဖက်ဖြစ်ပြီး မတူညီပါဘူး။

အချို့ဆိုရင် ကိုယ့်ကိုယ်ကို ယောကျ်ား၊မိန်းမ ဘယ်လိင်အမျိုးအစားထဲမှာမှ အံဝင်ခွင်ကျဖြစ်မနေဘူးလို့ ထင်တတ်ကြတယ်။

လိင်ပိုင်းဆိုင်ရာခံယူချက်

သင့်ရဲ့လိင်ပိုင်းဆိုင်ရာခံယူချက်ဆိုတာ သင့်ရဲ့ခံစားချက်၊ ဆွဲဆောင်မှုနဲ့ သင့်လိုအင်ဆန္ဒတွေပေါ်မူတည်ပါတယ်။
လူတစ်ယောက်ရဲ့ လိင်စိတ်ဝင်စားမှုက လိင်တူ၊ လိင်ကွဲ၊ လိင်နှစ်မျိုးလုံးအပေါ်ရှိနိုင်ပြီး ဘယ်လိင်အမျိုးအစားကိုမှစိတ်ဝင်စားခြင်းမရှိသူဆိုရင်တော့ လိင်ကင်းရှင်းသူ Asexual လို့ခေါ်ကြပါတယ်။ လိင်ပိုင်းဆိုင်ရာခံယူချက်က တစ်သမတ်တည်းမရှိဘဲ သင့်ဘဝတစ်လျှောက်လုံး အပြောင်းအလဲရှိနိုင်ပါတယ်။

Source: http://teenhealthsource.com/giso/sex-gender-sexual-identity/

လိင်ပိုင်းဆိုင်ရာခံယူရာမှာ တစ်ယောက်နဲ့တစ်ယောက်က ကွဲပြားပါတယ်။ ဥပမာ -သင်ဟာအမျိုးသမီးတစ်ယောက်ဆိုပေမယ့် တခြားအမျိုးသမီးတစ်ယောက်အပေါ်နှစ်သက်တဲ့ခံစားချက်မျိုး ရှိနေတာ။ ဒါမှမဟုတ်လည်း အမျိုးသားရော အမျိုးသမီးအပေါ်မှာပါ စိတ်တိမ်းညွှတ်ခြင်းမျိုးရှိနေတာ။ လိင်ပိုင်းဆိုင်ရာလို့ဆိုရာမှာ ရှုပ်ထွေးပါတယ်။ ပြီတော့ ဒါကိုရှာဖွေဖော်ထုတ်ပြောဆိုဖို့ဆိုတာကလည်း ရှုပ်ထွေးလွန်းလှပါတယ်။

လိင်ပိုင်းဆိုင်ရာခံယူချက်က လိင်ပိုင်းဖြစ်တည်မှုနဲ့တော့ မတူပါဘူး။ သင့်ရဲ့မွေးဖွားမှုပေါ်မှာဖြစ်တည်လာတဲ့ လိင်ဖြစ်တည်မှုပေါ်မူတည်ပြီး ဘယ်လိုခံစားရလဲဆိုတာနဲ့ပတ်သက်တဲ့ ဖော်ပြချက်မျိုးကို လိင်ပိုင်းဆိုင်ရာခံယူချက် တစ်နည်းအားဖြင့် ခံစားချက်လို့ဆိုရမှာပါ။ လိင်ပိုင်းဆိုင်ရာခံယူချက် သို့မဟုတ် ခံစားချက်လို့ဆိုရာမှာ သင်ဟာ ဘယ်လိုလူမျိုးနဲ့အတူူ နက်နဲတဲ့ တူနှစ်ကိုယ်ပတ်သက်ဆက်နွှယ်မှုစိတ်မျိုး တိမ်းညွှတ်နေတယ်လို့ဆိုလိုတာပါ။

LGBT ဆိုတာဟာ မတူညီတဲ့ လိင်ပိုင်းဆိုင်ရာဖြစ်တည်မှုကနေ ဖြစ်ပေါ်လာတဲ့ လူတွေရဲ့ ခံယူချက် ဒါမှမဟုတ် ခံစားချက်လေးတွေကို အတိုကောက် ပေါင်းစပ်ပြီးဖော်ပြထားတာပဲ ဖြစ်ပါတယ်။

ကိုယ့်ရဲ့ ဆန့်ကျင်ဘက်လိင်အပေါ်ကို စိတ်တိမ်းညွတ်တဲ့သူတွေဟာ သူတို့ကိုယ်သူတို့ လိင်မတူကာမဆက်ဆံသူ တစ်နည်းအားဖြင့် Straight လို့ခေါ်လေ့ရှိကြပါတယ်။

ကိုယ်နဲ့ လိင်တူသူအပေါ်စိတ်တိမ်းညွှတ်သူတွေကိုတော့ လိင်တူကာမဆက်ဆံသူလို့ ခေါ်ပြီး အမျိုးသမီးချင်း နှစ်သက်သူတွေကိုတော့ လိင်တူဆက်ဆံသောမိန်းမလို့ (Lesbian ) ခေါ်လေ့ရှိကြပါတယ်။

ကိုယ်နဲ့ ဆန့်ကျင်ဘက်လိင်အပေါ်ရော လိင်တူအပေါ်မှာပါ စိတ်တိမ်းညွှတ်သူတွေကိုတော့ လိင်တူလိင်ကွဲနှစ်မျိုးလုံးဆက်ဆံသူ (Bisexual ) လို့သုံးနှုန်းလေ့ရှိကြပါတယ်။

တစ်ခါတလေမှာ လူတွေဟာကိုယ်က ဘယ်အမျိုးအစားထဲမှာပါမှန်း မသေချာတာမို့ ကိုယ့်ကိုယ်ကိုယ် မေးခွန်းတွေထုတ်ပြီး အဖြေရှာလေ့ရှိကြပါတယ်။

ဘယ်သူ့အပေါ်မှ လိင်ဆက်ဆံလိုစိတ် မရှိတဲ့သူတွေက သူတို့ကိုယ်သူတို့ လိင်မှုကင်းရှင်းသူတွေလို့ ဆိုတတ်ကြပါတယ်

တကယ်လို့ သင်က သင့်ရဲ့ လိင်ပိုင်းဆိုင်ရာ ခံယူချက်အပေါ်မသေချာဘူးဆိုတာမျိုးက သင်တစ်ယောက်တည်းတော့မဟုတ်ပါဘူး။ ဒါဟာအချိန်အတိုင်းအတာတစ်ခုကြာလာတော့မှ သင့်ရဲ့လိင်ပိုင်းဆိုင်ရာခံယူချက်ကို နားလည်လာတာဖြစ်ပါတယ်။ တစ်ခါတလေမှာတော့ လူတွေဟာ သူတို့ကိုယ်သူတို့မေးခွန်းတွေထုတ်ခြင်းကနေ ပေးထားတဲ့အမျိုးအစားတွေထဲက ဘယ်တစ်ခုနဲ့မှ သူတို့နဲ့ အံဝင်ခွင်ကျမဖြစ်ဘူးလို့ခံစားရတတ်ကြပါတယ်။

ကျွန်မတို့ရဲ့ လူမှုယဉ်ကျေးမှုနယ်ပယ်မှာတော့ ကိုယ့်ကိုယ်ကိုယ် လိင်မတူကာမဆက်ဆံသူလို့ ခံယူထားကြတဲ့ လူတွေက စည်းမျဉ်းစည်းကမ်းတွေချမှတ်ပြီး ကိုယ့်လိုမဟုတ်တဲ့လူတွေကို လက်မခံတတ်ကြပါဘူး။ ပြည်တွင်းယဉ်ကျေးမှုတွေ ၊ နေထိုင်မှုစည်းမျဉ်းတွေ နဲ့ ဘာသာတရားအဆုံးအမတွေကြောင့် LGBT အမျိုးအစားလူတွေဟာ မကောင်းမြင်ခြင်းကိုခံကြရပြီး ရလဒ်တွေအရ လျစ်လျူရှုခံရကာ ပြ၁သနာတွေကို ရှောင်ရှားဖို့ လိင်မတူကာမဆက်ဆံသူတွေအဖြစ် ဟန်ဆောင်ရင်းနေထိုင် ကြရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံမှာတော့ LGBT တွေကို တဖြည်းဖြည်းလက်ခံလာကြပြီး သူတို့အတွက်သီးသန့် အထောက်အပံ့ ပေးနေတဲ့ ကွန်ရက်တွေလည်း တွေ့မြင်လာရပါတယ်။ သင်ထင်ထားတာထက်ပိုပြီး သင်ဘယ်လိုခံစားနေရလဲဆိုတာကို လူတော်တော်များများကတော့ ယနေ့အထိ သူတို့ရဲ့ လိင်ပိုင်းဆိုင်ရာခံစားချက်တွေအပေါ်မှာ ရှာဖွေနေဆဲဖြစ်ပါတယ်။ အမျိုးသမီချင်းနှစ်သက်သူလား ၊ အမျိုးသားချင်းနှစ်သက်သူလား ၊ နှစ်ခုလုံးအပေါ်သဘောကျသူလားဆိုတာတွေဟာ လူ့ရဲ့လိင်မှုဆက်ဆံရေးဘဝမှာ လက်ခံနိုင်လောက်တဲ့ ပုံမှန်အရာတွေပဲ ဖြစ်ပြီး သင်ဟာ တစ်စုံတစ်ခုမှားယွင်း နေတာမျိုး မဟုတ်ပါဘူး။ တိုင်းပြည်တော်တော်များများမှာ LGBT တွေကို ခွဲခြားဆက်ဆံခြင်းတွေကနေ အဆုံးသတ်ပြီး သူတို့ရဲ့ အခွင့်အရေးတွေကို ရရှိစေဖို့ လတ်တလော ယခုနှစ်တွေမှာ ဆောင်ရွက်နေကြပါတယ်။

ကဲ… ဒါဆို ဘဝတစ်လျှောက်လုံး မသေချာသည်ဖြစ်စေ သေချာသည်ဖြစ်စေ သင်ဘယ်သူဆိုတာရဲ့ အကြောင်းတရားမှာ သင့်ဘဝတလျှောက်လုံး ဖြစ်တည်သတ်မှတ်ခံနေရမှာပါပဲ။ သင့်ရဲ့လိင်ပိုင်းဆိုင်ရာဖြစ်တည်မှုနဲ့ ပတ်သက်ပြီးတော့ ခံစားမှုတွေ ၊အတွေးအခေါ်တွေဟာ သင့်ကိုယ်ပိုင်ဘဝရဲ့ ဖြစ်စဉ်တွေထဲကနေ အမြဲရောက်လာတတ်ကြပါတယ်။ အဲ့ဖြစ်စဉ်တွေထဲမှာ သင်ယုံကြည်လောက်တဲ့လူတွေနဲ့ ဆွေးနွေးပြောဆိုခြင်းဖြစ်စေ လိင်ပိုင်းဆိုင်ရာဖြစ်တည်မှုကို ဖော်ပြတဲ့ အပြုအမူနဲ့ ခံစားမှုတွေမှာ ဘယ်အရာက သင့်အတွက် ပိုပြီးသက်သောင့်သက်သာရှိစေလဲ ဆိုတာတွေဟာ တချိန်တည်းမှာ ဖြစ်ပေါ်လာပါတယ်။

မိသားစုတော်တော်များများနဲ့ ယဉ်ကျေးမှုတော်တော်များများကြားမှာတော့ လိင်ပိုင်းဆိုင်ရာဖြစ်တည်မှုနဲ့ ပတ်သက်ပြီး အတော်အတန်ကန့်သတ်မှုတွေ ရှိပါတယ်။ သူတို့သိမြင်ထားတာက လိင်ပိုင်းဆိုင်ရာဖြစ်တည်မှုလို့ ဆိုလိုက်ရင် ဇီဝဗေဒသဘောတရားအရ နှစ်ပိုင်းသာဖြစ်နိုင်ခြေရှိတယ်လို့ ယူဆကြပါတယ်။ အမျိုးသားလား ၊ အမျိုးသမီးလား ဆိုတာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် သင်ဒါမှမဟုတ် တစ်စုံတစ်ယောက်က ဒီသတ်မှတ်ချက်နဲ့ မကိုက်ညီဘူးဆိုရင် ဒါဟာ သီးသန့်ဖြစ်မယ် ၊ ရှုပ်ထွေးမယ် ၊ ထိတ်လန့်ြ့ပီး မတူညီဘူးလို့ ခံစားရပါလိမ့်မယ်။

အကယ်လို့ သင် ဒါမှမဟုတ် တစ်စုံတစ်ယောက်က လိင်ပိုင်းဆိုင်ရာဖြစ်တည်မှုနဲ့ ပတ်သက်ပြီး မေးခွန်းတွေထုတ်တာဖြစ်စေ လိင်ပိုင်းဆိုင်ရာပြောင်းလဲခံယူသူုလို့ ကိုယ်တိုင် သတ်မှတ်တာဖြစ်စေ ခံစားနေရရင် သင့်ရဲ့အကြီးဆုံး လျှို့ဝှက်ချက်အဖြစ် ဖုံးကွယ်ပြီး ဘယ်သူ့ကိုမှ မျှဝေတာမျိုးရှိနေသေးမှာ မဟုတ်ပါဘူး။ ဒါဟာဘာကြောင့်လဲဆိုရင် သင့်မိသားစုဝင်တွေ ၊သူငယ်ချင်းတွေ ၊ သက်တူရွယ်တူတွေ ဒါမှမဟုတ် လူမှုအသိုင်းအဝိုင်းရဲ့ တုံ့ပြန်မှုတွေအပေါ် စိုးရိမ်လို့ ဖြစ်နိုင်ပါတယ်။ တကယ်လို့ သူတို့ဟာ လိင်ပိုင်းဆိုင်ရာ ဖြစ်တည်မှု ပြောင်းလဲသူတွေပါလို့ ဝေမျှလိုက်ရင် တချို့လူတွေက မျက်နှာချင်းဆိုင်ပြီး စိတ်ပိုင်းဆိုင်ရာခံစားချက်တွေအရ ရှုတ်ချခြင်းခံရတာ ၊ နှုတ်နဲ့စော်ကားခံရတာ ၊ အိမ်မှာအပယ်ခံဖြစ်ရတာ ၊ ရုပ်ပိုင်းဆိုင်ရာအရရော လိင်ပိုင်းဆိုင်ရာအရပါ စော်ကားခံရတာမျိုးတွေနဲ့ ပတ်သက်ပြီး တကယ်ကို စိုးရိမ်ဖွယ်ဖြစ်လာနိုင်ပါတယ်။ သင့်ရဲ့ ဆုံးဖြတ်ချက်ဟာ သင့်ကိုလုံခြုံစိတ်ချစေတယ်ဆိုရင် သင်ကိုယ်တိုင်နဲ့ပတ်သက်ပြီး ဒီလိုအချိန်ဟာ စိုးရွံရှက်ကြောက်ဖွယ်လုံးဝမဟုတ်ပါဘူး။ သင်ဘယ်သွားသွား ၊ ဘယ်သူနဲ့ပဲ အဆက်အသွယ်လုပ်လုပ် လိုအပ်ရင်အကူအညီတောင်းခံနိုင်ဖို့က အရေးတကြီးစဉ်းစားထားရမှာပါ။

အကယ်လို့သင်ဟာ လိင်ပိုင်းဆိုင်ရာဖြစ်တည်မှုပြောင်းလဲသူဖြစ်စေ လိင်ပိုင်းဆိုင်ရာဖြစ်တည်မှုကို ကိုယ်တိုင်စူးစမ်းနေသူဖြစ်စေ အထောက်အပံ့ရအောင်ကြိုးစားရှာဖွေသင့်ပါတယ်။ ပထမဆုံးအနေနဲ့ သင်ဟာဘာမှ ထူးထူးခြားခြားမပြောင်းလဲ ၊မထူးဆန်းဘဲ အထီးကျန်ခြင်းမရှိဘူးဆိုတာ အကြောင်းကြားခြင်းသော်လည်းကောင်း ၊လေ့လာခြင်းသော်လည်းကောင်းရအောင် လုပ်ပါ။ ဖြစ်နိုင်ရင် ကိုယ့်လိုလူမျိုးတွေရှိတဲ့ အဖွဲ့အစည်းတွေ ကို အွန်လိုင်းကဖြစ်စေ ၊ သင့်ရဲ့မြို့နယ်မှာဖြစ်စေ ရှာဖွေပြီး တွေ့ဆုံနိုင်တာဟာ အကူအညီကောင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။

Source: http://everydayfeminism.com/2015/03/i-think-i-might-be-trans/
http://us.reachout.com/facts/factsheet/exploring-gender-identity

မွေးကတည်းကပါလာတဲ့ လိင်ဖြစ်တည်မှုတစ်ခုကို ကိုယ်ပိုင်ဆန္ဒအရပြောင်းလဲခွင့်အား မြန်မာနိုင်ငံဥပဒေအောက်မှာ လက်ရှိခွင့်မပြုထားသေးပါဘူး။ ဒါ့အပြင် လိင်တူချင်းလိင်ဆက်ဆံခြင်းဟာဆိုရင် တရားဥပဒေ ပုဒ်မ ၃၇၇ အောက်မှာရှိနေပေမယ့် ပြစ်ဒဏ်ချမှတ်ခြင်းကတော့ လောလောဆယ်မရှိသေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုမျိုးလိင်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံခြင်းဥပဒေတွေကို ပြန်ချေပဖို့အတွက် အဖွဲ့အစည်းတစ်ခုရှိလို့နေပြီး ယင်းအဖွဲ့အစည်းဟာ လိင်ပိုင်းဆိုင်ရာပြောင်းလဲခံယူချက်တွေနဲ့ ခွဲခြားဆက်ဆံခြင်းတွေကို အသေးစိတ်ထောက်ပံ့ပေးခြင်းတွေကိုလည်းဆောင်ရွက်မှာဖြစ်ပါတယ်။ ဒီလိုမျိုး ဥပဒေပြောင်းလဲမှုဟာ မရှိသေးဘူးဆိုသော်ငြားလည်း နောင်လာမယ့်အနာဂတ်မှာLGBT တွေဟာလည်း တခြားနိုင်ငံသားတွေလို သာတူတန်းတူအခွင့်အလမ်းတွေ ကာကွယ်မှုတွေနဲ့ စောင့်ရှောက်မှုတွေရလာဖို့အတွက် မျှော်လင့်နိုင်ပါတယ်။

လူတိုင်းမှာမွေးလာကတည်းက ကိုယ်ဘယ်သူဘယ်ဝါအဖြစ် လိင်ပိုင်းဆိုင်ရာဖြစ်တည်မှုကနေ အတည်တကျသတ်မှတ်ခံရပြီးသား ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ LGBT တွေအတွက် စိန်ခေါ်မှုတွေဟာ ရှိလို့နေပါသေးတယ်။ LGBT တွေအတွက် လူမှုအသိုင်းအဝိုင်းမှာ ၊အဖွဲ့အစည်းတွေမှာ သူတို့ရပိုင်ခွင့်တွေကို တောင်းဆိုပေးနေ ထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းတွေ ရှိနေပါတယ်။ သင်သာ တက်တက်ကြွကြွနဲ့ ဂရုတစိုက်ရှာဖွေမယ်ဆိုရင် သင်ဟာ LGBT ပဲဖြစ်နေဦးတော့ ဒီလိုအဖွဲ့အစည်းတွေကြောင့် သင်ဟာ အဆင်ပြေပြီး အထီးကျန်စရာမလိုဘူးဆိုတာ သိလာမှာပါ။

အောက်မှာပေးထားတဲ့ လင့်ခ်ကတော့ LGBT အဝန်းအဝိုင်းကို အထောက်အပံ့ရအောင် ကူညီပေးနေတဲ့ အဖွဲ့အစည်းပဲဖြစ်ပါတယ်။

Colors Rainbow

Colors Rainbow ဆိုတာကတော့ မြန်မာနိုင်ငံရဲ့ LGBT တွေကို ခွဲခြားဆက်ဆံခံရမှုတွေကင်းအောင် ၊ သူတို့ရသင့်ရထိုက်တဲ့အခွင့်အရေးတွရအောင် ၊ အမျိုးသမီးချင်း လိင်ဆက်ဆံသူတွေ ၊ အမျိုးသားချင်းလိင်ဆက်ဆံသူတွေ ၊ အမျိုးသမီးရော အမျိုးသားဖြင့်ပါ လိင်ဆက်ဆံသူတွေ နဲ့ မွေးရာပါလိင်မှဆန့်ကျင်ဖက်လိင်သို့ပုံစံကူးပြောင်းထားသူတွေရဲ့ တစ်ဦးချင်းခွဲခြားဆက်ဆံခံရခြင်းတွေအဆုံးသတ်ပေးအောင် ကြိုးစားအားထုတ်နေတဲ့အဖွဲ့အစည်းဖြစ်ပြီး ဒိလူတွေကို သင်တန်းတွေပို့ချခြင်း ၊ ဆွေးနွေးနှစ်သိမ့်ခြင်း ၊ အစုအဖွဲ့အလိုက်တွေ့ဆုံပွဲတွေဖန်တီးဆောင်ရွက်ပေးခြင်း ၊ လူမှုအသိုင်းအဝိုင်းအတွင်းပျော်ပွဲရွှင်ပွဲတွေဆောင်ရွက်ပေးခြင်း ၊ သူတို့အခွင့်အရေးအတွက်လွှတ်တော်တွင်တောင်းဆိုမှုများဆောင်ရွက်ပေးခြင်း နဲ့ လူ့အခွင့်အရေးဆိုင်ရာ သုတေသနဆောင်ရွက်ချက်တွေကို အားသွန်ခွန်စိုက်လှုပ်ရှားနေတဲ့ အဖွဲ့အစည်းပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံတစ်ဝန်းမှာ Colors Rainbow ရဲ့ အခန်းကဏ္ဍဟာ အများအပြားရှိလို့နေပါတယ်။

Website: http://www.colorsrainbow.org

Email: [email protected]

Facebook: https://www.facebook.com/wwwcoloursrainbowcom-134874256533587

Source: http://equalitymyanmar.org/contact-us/

http://www.theguardian.com/global-development/2016/feb/02/myanmar-transgender-people-lgbt-colors-rainbow-equality

Ask your question

Do you know the secret to great sex? Being and staying curious. Dr Deep and our team love to answer your questions.

Ask anonymously Open Facebook Messenger