ကုသဖို့ ပိုပြီးခက်ခဲလာတဲ့ ဆီးပူညောင်းကျရောဂါ (သို့မဟုတ်) ဂနိုရောဂါအကြောင်း သိကောင်းစရာများ ဖတ်စရာ
ကုသဖို့ ပိုပြီးခက်ခဲလာတဲ့ ဆီးပူညောင်းကျရောဂါ (သို့မဟုတ်) ဂနိုရောဂါအကြောင်း သိကောင်းစရာများ

ကုသဖို့ ပိုပြီးခက်ခဲလာတဲ့ ဆီးပူညောင်းကျရောဂါ (သို့မဟုတ်) ဂနိုရောဂါအကြောင်း သိကောင်းစရာများ

Jan 12, 2018

အင်္ဂလိပ်လို Gonorrhea (ဂနိုးရီးယား၊ ဂနိုရောဂါ) ကို မြန်မာလို ဆီးပူညောင်းကျရောဂါလို့ လူသိများပါတယ်။ WHO ရဲ့ စစ်တမ်းများက တစ်နှစ်လျှင် ဒီရောဂါဖြစ်ပွားသူ ၇၈ သန်းခန့် ရှိတယ်လို့ ဖော်ပြထားပါတယ်။ ဒီရောဂါက ယေဘူယျအားဖြင့် ခံတွင်း၊ ယောနိ၊ စအို လမ်းကြောင်းတွေကို ကူးစက်နိုင်ပါတယ်။ လက်ရှိရှာဖွေတွေ့ရှိချက်များအရ ကုသရာတွင် ဆေးယဉ်ပါးမှုများ၊ ဆေးမတိုးမှုများ တွေ့ရှိလာပြီး ပျောက်ကင်းအောင် ကုသပေးနိုင်သော ပဋိဇီဝဆေးတွေအားလုံးကိုပင် ပြန်လည်ခုခံနိုင်စွမ်းရှိလာတဲ့အတွက်  ပျောက်ကင်းအောင် ကုသလို့မရသေးတဲ့ အခြေအနေရောက်နေကြောင်း ကမ္ဘာကျန်းမာရေးအဖွဲ့အစည်း (WHO) ရဲ့ အချက်အလက်သစ်များအရ သိရပါတယ်။

ကုသရန် လက်ရှိသုံးနေကျဆေးတွေ ခုခံနိုင်လာတာနဲ့ ပတ်သက်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ရဲ့ ဆေးပညာအရာရှိ Dr Teodora Wi က “ဆီးပူညောင်းကျရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားပိုးက အရမ်းကို အဆင့်မြင့်လာတယ်။ ကျွန်တော်တို့ သုံးနေကျ ကုသဆေးတွေကို ခံနိုင်ရည်ရှိလာပြီ” ဟုဆိုပါတယ်။

ယခင်ကုသဖို့အတွက် အသုံးပြုတဲ့ဆေးတွေကို ခုခံနိုင်စွမ်းရှိလာတဲ့အတွက် ဂနိုရီးယားဖြစ်စေတဲ့ ရောဂါပိုးက အထူးအဆင့်မြင့်တဲ့ပိုးဖြစ်နေတာဖြစ်ပါတယ်။ ဒီခုခံနိုင်စွမ်းက တဖြည်းဖြည်းတက်လာနိုင်ပြီး ရောဂါပိုးက ချက်ခြင်းကုသလို့မရနိုင်တော့ဘဲ အချိန်ကြာမြင့်စွာ ဖြစ်ပွားနေမယ်ဆိုရင်တော့ အကျိုးဆက်အနေနဲ့ HIV ပိုးကူးစက်နိုင်ချေပိုများပြီး အမျိုးသမီးများတွင် မိန်းမကိုယ်အောက်ပိုင်းပိုးဝင်ခြင်း၊ နေရာလွဲမှားသန္ဓေတည်ခြင်းနှင့် သားမြုံခြင်းများ ဖြစ်ပွားနိုင်ပါတယ်။

12-1-20182

မိမိကူးစက်ခံရခဲ့ရင် ဘယ်လိုသိနိုင်မလဲ။

များသောအားဖြင့် ကူးစက်ပြီး ၁၄ ရက်ဆိုတာနဲ့ သိနိုင်တယ်ဆိုပေမယ့် ထင်ရှားတဲ့ကက္ခဏာမျိုး မရှိပါဘူး။ ဒါကြောင့် ရောဂါကူးစက်ခံရတာကို ချက်ခြင်းမသိဘဲ ဆက်လက်ဖြစ်ပွားနေနိုင်တာဖြစ်ပါတယ်။ အမျိုးသားများတွင် ရောဂါဖြစ်နေတာကို စပြီး သိလာနိုင်တဲ့အချက်ကတော့ ဆီးသွားတဲ့အခါ နာကျင်ခြင်း၊ ပူလောင်ခြင်းတွေ ဖြစ်ပြီး အမျိုးသမီးများကတော့ မှိုရောဂါနဲ့ ဘတ်တီးရီးယားကူးစက်ခံရသလိုမျိုး ယောနိလမ်းကြောင်းမှ အဖြုဆင်းတာနဲ့ ဆီးသွားစဉ် နာကျင်တာတို့ပဲ ဖြစ်ကြပါတယ်။ ဒီကူးစက်ရောဂါပိုးကို ချက်ခြင်းကုသမှု ခံယူသင့်ပြီး ထိုသို့မဟုတ်ပါက ရေရှည်တွင် သားမြုံခြင်း ၊ သားပျက်သားလျောဖြစ်ခြင်း၊ ကာလရှည်ကြာစွာ ကိုယ်လက်ကိုက်ခဲခြင်း၊ ဝမ်းဗိုက်အောက်ပိုင်းရောင်းရမ်းနာကျင်ခြင်းများကို ဖြစ်ပွားစေနိုင်ပါတယ်။

 

သုတေသနတွေ့ရှိချက်အသစ်က ဘာပြောထားလဲ။

၂၀၁၇ ခုနှစ် ဇူလိုင်လမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ကနေ ထုတ်ပြန်ထားတဲ့ မှတ်တမ်းတစ်ခုအရ တစ်နှစ်ကို ဆီးပူညောင်းကျ ရောဂါ ကူးစက်ခံရသူပေါင်းဟာ ကမ္ဘာနှင့်အဝှမ်း ၇၈ သန်းလောက်အထိ ရှိနေတယ်လို့ ဆိုပါတယ်။ ပိုပြီး သတိထားဖို့လိုတာက ပိုးသတ်ဆေးဒဏ် ခံနိုင်တဲ့ ပိုးတွေ ကူးစက်ပျံ့နှံ့လာတာပါပဲ။ ၂၀၀၉ ကနေ ၂၀၁၄ ထိ နိုင်ငံပေါင်း ၇၇ နိုင်ငံမှာ ကောက်ယူခဲ့တဲ့စစ်တမ်းများအရတော့ Ceftriaxone ထိုးဆေး၊ Azithromycin နဲ့ Ciprofloxacin တို့လို လက်ရှိကုသဖို့ အသုံးပြုနေတဲ့ ဆေးဝါးတွေကို ခုခံနိုင်မှုက ၆၆ ရာခိုင်နှုန်းကနေ ၉၇ ရာခိုင်နှုန်းထိ ရှိနေပြီလို့တောင် သိရပါတယ်။ ဆေးကို ခုခံနိုင်စွမ်းရှိတဲ့ပိုးကူးစက်ခံရခဲ့ရင် လုံးဝကုသလို့ မရနိုင်တာမဟုတ်ပေမယ့် ကုသဖို့ ပိုပြီးခက်ခဲသွားပါတယ်။

“ယခုအခြေအနေက ဆီးပူညောင်းကျရောဂါပိုး အားလုံးကို ကုသနိုင်ပါသေးတယ်။ ဆေးတစ်မျိုးတည်းနဲ့ မဟုတ်တောင် ပေါင်းစပ်ပြီး ကုသတဲ့နည်းလမ်းနဲ့ပါ။ လက်ရှိအခြေအနေအရ ဆေးကို ခုခံနိုင်စွမ်းက တဖြည်းဖြည်းတိုးတက်လာနေတာ ဖြစ်တဲ့အတွက် ဒီအခြေအနေကို ရင်ဆိုင်ဖြေရှင်းဖို့ လိုအပ်ပါတယ်” ဟု လန်ဒန် အင်ပရီရီယဲကောလိပ်က Dr. Xavier Didelot (senior lecturer in the department of infectious disease and epidemiology) ကဆိုပါတယ်။

 

ကာကွယ်မှုက ကုသမှုထက်ပိုပြီး ထိရောက်ပါတယ်။

ကွန်ဒုံးကို နည်းလမ်းမှန်ကန်စွာ အမြဲတမ်းအသုံးပြုခြင်း လိင်ဆက်ဆံတဲ့အခါ တာဝန်သိပြီး ဘေးကင်းတဲ့အပြုအမူတွေလုပ်ဆောင်ခြင်း စတဲ့အချက်တွေက ဆီးပူညောင်းကျရောဂါကို ကာကွယ်နိုင်ပေးနိုင်တဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။ လက်ရှိသားဆက်ခြားနည်းလမ်းတွေထဲမှာတော့ ဒီရောဂါအပါအဝင် တခြားလိင်မှတဆင့်ကူးစက်နိုင်တဲ့ရောဂါတွေက ကာကွယ်ပေးနိုင်တဲ့နည်းလမ်းက ကွန်ဒုံးအသုံးပြုခြင်းဖြစ်လို့ သင့်အဖော်ရဲ့ ကျန်းမာရေးအခြေအနေကို မသိပါက ကွန်ဒုံးသုံးဖို့ အလွန်အရေးကြီးပါတယ်။ အကောင်းဆုံးကတော့ သင့်အဖော်ရဲ့ ကျန်းမာရေးအခြေအနေကို သိထားဖို့ လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်ပြီးမှ ဆက်ဆံတာ ဘေးကင်းပါတယ်။

နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ ဆီးပူညောင်းကျရောဂါအပါအဝင် တခြားလိင်မှတဆင့်ကူးစက်နိုင်တဲ့ရောဂါတွေက ကုသလို့ရတယ်ဆိုပေမယ့် ကူးစက်မခံရအောင် ပြုမူတာက အသက်ကို ဥာဏ်စောင့်ရာကျပါတယ်။ ဒါကြောင့် အကာအကွယ်သုံးဖို့ အရေးကြီးပါတယ်။

လိင်ကတဆင့်ကူးစက်နိုင်တဲ့ရောဂါများအကြောင်းလေ့လာလိုလျှင် ဒီမှာနှိပ်ပါ။

Ref: Ref: http://www.who.int/mediacentre/news/releases/2017/Antibiotic-resistant-gonorrhoea/en/

မှတ်ချက်ရေးပါ

ထုတ်ကုန်များ

နေ့စဉ်သားဆက်ခြားသောက်ဆေး၊ အရေးပေါ်သောက်ဆေး၊ သားဆက်ခြားထိုးဆေး အပါအဝင် အမျိုးသားသုံးကွန်ဒုံးများ

ကြည့်ရန်
ဆက်စပ်ပို့စ်များ

သင်ကိုယ်ဝန်ရှိနေတယ်ဆိုတာ ပြောနိုင်မယ့် အချက် (၅) ချက်

သင့်မှာကိုယ်ဝန်ရှိခဲ့ရင် အံအားသင့်မှာလား။ ဒါကို သေချာသိဖို့က ဆီးစစ်တံနဲ့ စစ်ကြည့်ဖို့ လိုပါတယ်။ မည်သို့ပင်ဖြစ်စေ ကိုယ်ဝန်ရှိနေတယ်ဆိုတာ ပြသတဲ့ လက္ခဏာတွေကို ယခုဆောင်းပါးမှာ ဖော်ပြပေးလိုက်ပါတယ်။

ပိုပြီးဖတ်ပါ

ဆယ်ကျော်သက်တွေဖြစ်လေ့ရှိတဲ့ အိပ်ပျော်နေစဉ်သုတ်လွှတ်ခြင်း အကြောင်း သိကောင်းစရာများ

ဘောင်းဘီတွေ အတွင်းခံတွေ စိုစွတ်နေပြီး အိမ်ယာကနေ နိုးလာတာမျိုး ဒါမှမဟုတ် အိပ်ယာကနိုးခါစမှာ အိပ်ယာခင်းတွေ စိုနေတာမျိုး ကြုံဖူးပါသလား။ ပထမဆုံးကြုံဖူးတဲ့လူငယ်တွေအတွက်တော့ ဘာဖြစ်တာလား ဆိုပြီး နားလည်ရခက်နေနိုင်ပါတယ်။ ဒါက အထွေထူးတော့မဟုတ်ပါဘူး။

ပိုပြီးဖတ်ပါ