သိထားသင့်တဲ့ ရာသီလာစဉ် မိမိကိုယ်ကို သန့်ရှင်းရေး ပြုလုပ်ခြင်း သိထားသင့်တဲ့ ရာသီလာစဉ် မိမိကိုယ်ကို သန့်ရှင်းရေး ပြုလုပ်ခြင်း
သိထားသင့်တဲ့ ရာသီလာစဉ် မိမိကိုယ်ကို သန့်ရှင်းရေး ပြုလုပ်ခြင်း

သိထားသင့်တဲ့ ရာသီလာစဉ် မိမိကိုယ်ကို သန့်ရှင်းရေး ပြုလုပ်ခြင်း

Sep 21, 2018

ရာသီလာတယ်ဆိုတာ အရွယ်ရောက်ပြီး အမျိုးသမီး အားလုံးနည်းပါး မလွဲမရှောင်သာ ကြုံတွေ့ရတဲ့ ကိစ္စတစ်ခုပါ။ အပျိုဖော်ဝင်စ အချိန်ကစပြီး ကိုယ်ဝန်ဆောင်ချိန်၊ အချို့သန္ဓေတားဆေးနဲ့ ဟော်မုန်းဆေးဝါးတွေ သုံးစွဲနေချိန်ကလွဲလို့ သွေးဆုံးချိန်ထိ ပုံမှန်ကျန်းမာနေတဲ့ အမျိုးသမီးတစ်ယောက်ဟာ ဒီအချိန်တွေကို ဖြတ်သန်းရမှပါ။          ရှေးယခင်နှစ်ပေါင်းများစွာကစလို့ နေရာဒေသ၊ ခေတ်ကာလ၊ ယဉ်ကျေးမှု၊ အယူအဆ အမျိုးမျိုးတို့အပေါ် မူတည်ပီး အမျိုးသမီးထုကြီးဟာ ဒီကိစ္စကို နည်းပေါင်းစုံနဲ့ ရင်ဆိုင်ဖြေရှင်းခဲ့ကြပါတယ်။  နည်းပညာတွေ၊ ကျန်းမာရေး အသိတွေ ဖွံဖြိုးတိုးတက်လာတာနှင့်အမျှ ပိုမိုကောင်းမွန်သန့်ရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်တဲ့ နည်းလမ်းတွေကို ပြောင်းလဲအသုံးပြုခဲ့ကြပါတယ်။ ဒါပေမယ့်လဲ အချို့သော ဖွံဖြိုးဆဲနိုင်ငံတွေမှာ သစ်ရွက်၊ နွားချေး၊ ရွှံ အစရှိတဲ့ အလွယ်ရတဲ့ ပစ္စည်းတွေကစလို့ မသန့်ရှင်းတဲ့ အ၀တ်စ၊ စက္ကူ စသည်တို့ကို ယနေ့တိုင် လစဉ်သုံးပစ္စည်းအနေနဲ့ ဆက်လက်အသုံးပြုနေသေးတာကိုတွေ့ရပါတယ်။

အမျိုးသမီးတစ်ဦးအနေနှင့် ခေတ်မှီပိုးသတ်ထားတဲ့ လစဉ်သုံးပစ္စည်းတွေကို သုံးစွဲရုံနဲ့ အန္တရာယ်ကင်းပြီလို့ ယူဆနိုင်ပါပြီလား။ မိမိလက်ရှိသုံးစွဲနေတဲ့ နည်းစနစ်မှန်ရဲ့လား၊ ကျန်းမာရေးကို ဘယ်လို အကျိုးသက်ရောက်စေလဲ၊ စသည့်အကြောင်းအရာတွေကို ဒီနေရာမှာ ဆွေးနွေးသွားမှာပါ။

 

၁။ ဘယ်နည်းလမ်း၊ ဘယ်အမျိုးအစားကို ရွေးမလဲ

အမျိုးသမီး လစဉ်သုံးပစ္စည်းဆိုတာနဲ့ လူတော်တော်များများက တခါသုံး ဂွမ်းထုတ်လေးတွေကို ပြေးမြင်ကြမှာပါ။ ဒါပေမယ့် အခြားနိုင်ငံများမှာတော့ tampon လိုခေါ်တဲ့ မအင်္ဂါထဲ ထိုးထည့်ထားရတဲ့ ဂွမ်းလိပ်လေးတွေ၊ menstrual cup လို့ခေါ်တဲ့ ရာသီသွေးကို ခံပေးထားတဲ့ ကတော့ပုံ ခွက်သေးသေးလေးတွေကို အတော်ပဲ တွင်တွင်ကျယ်ကျယ် အသုံးပြုလျက်ရှိပါတယ်။ ဒီနိုင်ငံမှာတော့ တခါသုံး ဂွမ်းထုတ်ကိုသာ အသုံးများတဲ့ အတွက် တခါသုံး ဂွမ်းထုတ် အကြောင်းသာ အဓိကထား တင်ပြလိုပါတယ်။

ဘယ်အမျိုးအစားကို ရွေးချယ်မှာလဲ? ။ ဈေးကြီးတိုင်း၊ နာမည်ရှိတိုင်း သင်နဲ့ သင့်တော်မယ်ထင်နေရင်တော့ မှားပါလိမ့်မယ်။ မိမိနဲ့ အဆင်မပြေတဲ့ brand ကို ကြိတ်မှိတ်ပြီး ဆက်သုံးမနေသင့်ပါဘူး။ သူငယ်ချင်းတွေ ကောင်းတယ်ပြောတိုင်းလဲ သင့်အတွက် ကောင်းခြင်မှ ကောင်းမှာပါ။ အမျိုးသမီး တစ်ဦးနှင့် တစ်ဦး ရာသီလာတဲ့ သဘောသဘာဝ မတူနိုင်ပါဘူး။ ဒါပေမယ့်လဲ brand တခုပီး တခု ပြောင်းသုံးခြင်းဟာ သင့်ရဲ့ ရာသီလာချိန်ကို နေရခက်စေမှာပါ။

Tips : မိမိနဲ့ အဆင်ပြေတဲ့ brand တစ်ခုကို ရွေးခြယ်ပါ။ ထို brand ကိုပဲ စွဲစွဲမြဲမြဲ သုံးပါ။

 

၂။ ဘယ်အချိန်မှာ အသစ်တစ်ခုလဲမလည်း။

ရာသီသွေးဟာ စဆင်းပြီဆိုတာနဲ့ လူ့ခန္ဓာကိုယ်မှာ နဂိုကတည်းကရှိပြီးသား အဏုဇီဝပိုးတွေနဲ့ စတင်ထိတွေ့ပါတယ်။ ဂွမ်းထုတ်မှာ သွေးနည်းနည်းလေးဆင်းလဲ စိုစွတ်သွားပြီဆိုတာနဲ့ မိန်းမကိုယ်ထဲက ပိုးတွေ မအင်္ဂါတစ်ဝိုက်က ထွက်တဲ့ချွေးထဲမှာပါတဲ့ ပိုးတွေနဲ့ ထိတွေ့ပြီးဖြစ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ဒီလိုပူနွေးစိုစွတ်တဲ့နေရာမှာရှိတဲ့ ပိုးတွေဟာ အရေအတွက် ပွားများလာပါတော့တယ်။ ဒီလို ပွားများလာတဲ့ပိုးတွေဟာ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ မိန်းမကိုယ် ပိုးဝင်ခြင်း၊ အရေပြားဓါတ်မတည့် ယောင်ရမ်းခြင်း (skin allergy) တို့ကို ဖြစ်စေပါတယ်။ ဒါ့ကြောင့် သွေးဆင်းနည်းလဲ အချိန်မှန် လဲလှယ်ဖို့ အရေးကြီးပါတယ်။

အချိန်ဘယ်လောက်ကြာရင်တစ်ခု လဲရမလည်း ? အကောင်းဆုံးကတော့ ခြောက်နာရီခြား တစ်ခု လဲပေးသင့်ပါတယ်။ ဒီနေရာမှာလည်း အမျိုးသမီး တစ်ဦးနှင့်တစ်ဦး အချိန်တူစရာ မလိုပါဘူး။ သွေးဆင်း အနည်းအများပေါ်မူတည်ပီး လဲလှယ်မည့် အချိန် အတိုးအလျော့ အနည်းငယ် လုပ်နိုင်ပါတယ်။ သွေးဆင်းနည်းတဲ့နေ့တွေမှာဆို မစိုသေးတာ၊ အနည်းငယ်ပဲစိုတာတွေ ဖြစ်နိုင်သော်လည်း အချိန်မှန်မှန်တော့ လဲလှယ်ရပါမယ်။

Tips: နည်းနည်းများများ အချိန်မှန် အသစ်လဲပါ။

 

၃။ ဘယ်အချိန် သန့်ရှင်းရေးလုပ်မလဲ

အချိန်မှန် လဲလှယ်သလိုပဲ အချိန်မှန် သန့်ရှင်းခြင်းဟာလဲ အရေးကြီးပါတယ်။ ရာသီသွေး တစ်ခါအပြင်ကို ရောက်လာပီဆိုတာနဲ့     မိန်းမကိုယ်အ၀နှင့် အနီးတ၀ိုက်ရှိ အလွန်သေးငယ်တဲ့ အရေပြားကြားနေရာလေးတွေကို ပျံနှံ့ရောက်ရှိသွားနိုင်ပါတယ်။ ဒါကို ပုံမှန်နှင့် သေချာသန့်ရှင်းရေး မလုပ်ခဲ့ရင် မိန်းမကိုယ် အနံဆိုးခြင်းကဲ့သို့ နောက်ဆက်တွဲ ဆိုးကြိုးတွေ ရလာနိုင်ပါတယ်။ ဒါ့ကြောင့် အသစ်တစ်ခုလဲတိုင်း မိန်းမကိုယ်အ၀၊ မအင်္ဂါနှုတ်ခမ်းသားတွေနဲ့ ပေါင်ခြံလိုနေရာတွေကို သေချာစွာသန့်ရှင်းရေးလုပ်ဖို့ လိုအပ်ပါတယ်။ အချိန်မရလို့ နေရာမရှိလို့ စသဖြင့် သန့်ရှင်းရေး ပြုလုပ်ရန် အခွင့်အရေး မရခဲ့ရင်တော့ တစ်ရှုးစက္ကူ၊ wet တစ်ရှုး စသည်တို့နှင့် သေချာစွာ သန့်ရှင်းပေးသင့်ပါတယ်။

Tips: အသစ်တစ်ခါလဲတိုင်း တစ်ခါသန့်ရှင်းပါ။

 

၎။ ဆပ်ပြာ (သို့) မိန်းမကိုယ် သန့်ရှင်းဆေးတွေ သုံးသင့်သလား

မိန်းမကိုယ်မှာ သူ့ကိုယ်ပိုင် ပိုးမွှားထိန်းချုပ်သည့် စနစ်ရှိပြီးသားပါ။ ဒီစနစ်ဟာဆိုရင် ခန္ဓာကိုယ်ကို ကောင်းကျိုးပေးတဲ့ ပိုးမွှားနဲ့ ကောင်းကျိုးမပေးတဲ့ ပိုးမွှားတွေကြား မျှခြေဖြစ်အောင် ထိန်းသိမ်းပေးထားပါတယ်။ ဆပ်ပြာ အသုံးပြုခြင်းဟာ ခန္ဓာကိုယ်ကို အကျိုးပြုနေတဲ့ ပိုးမွှားတွေကိုပါ ဖယ်ရှားပြစ်သည့်အတွက် ရောဂါပိုးမွှားတွေ ပိုမိုဝင်ရောက်လာနိုင်ပါတယ်။ ဒီ့အတွက် ရေနွေးနွေး သန့်သန့်ကို အသုံးပြုပြီး သန့်ရှင်းခြင်းဟာ အကောင်းဆုံးပါ။ ဆပ်ပြာ အသုံးပြုမယ် ဆိုရင်တော့ အပြင်ပိုင်းဆေးကြောရာမှာသာ သုံးသင့်ပြီး မိန်းမကိုယ်နှင့် မိန်းမကိုယ် နှုတ်ခမ်းသားအတွင်းပိုင်းထဲထိ အသုံးပြုခြင်းကို ရှောင်ကျဉ်သင့်ပါတယ်။

Tips: ရေနှင့်သာ သေသေချာချာ ဆေးကြောသန့်ရှင်းပါ။

 

၅။ မှန်ကန်သည့် သန့်ရှင်းမှုပုံစံဆိုတာ ဘာလဲ

သန့်ရှင်းရေးပြုလုပ်တဲ့အခါမှာ စအိုဝဘက်ကနေ မိန်းမကိုယ်ဘက်ကို မပြုလုပ်မိစေရန် အရေးကြီးပါတယ်။ စအိုဝဘက်မှ စတင်ပြုလုပ်ခြင်းအားဖြင့် ဘက်တီးရီးယားပိုးမွှားများကို မိန်းမကိုယ်နှင့် ဆီးလမ်းကြောင်းဆီသို့ တွန်းပို့သလိုဖြစ်ပြီး ရောဂါဖြစ်စေနိုင်ပါတယ်။

Tips: အစဉ်အမြဲ မိန်းမကိုယ်ဘက်မှသာ စတင်သန့်ရှင်းပါ။

 

၆။ ဘယ်လို စွန့်ပြစ်မလဲ

အသုံးပြုပြီး လစဉ်သုံးပစ္စည်းတွေဟာ ရောဂါပိုးများပြန့်နှံစေနိုင်ခြင်း၊ အနံဆိုးများထွက်စေနိုင်ခြင်းတို့ကြောင့် စနစ်တကျစွန့်ပစ်ဖို့လိုပါတယ်။ မစွန့်ပစ်ခင်မှာ သေချာစွာ ထုပ်ပိုးဖို့လိုသလို အိမ်သာထဲစွန့်ပစ်ပြီး ရေဆွဲချခြင်းလဲ မပြုလုပ်သင့်ပါ။ စွန့်ပစ်တဲ့ အထုပ်မှာ မျက်စိနှင့် မမြင်နိုင်တဲ့ ရောဂါပိုးတွေ ကပ်ငြိနေနိုင်တာမို့ စွန့်ပစ်ပြီးလျင် လက်ကိုစနစ်တကျ ဆေးကြောရန် မမေ့ဖို့ အရေးကြီးပါတယ်။

Tips: စနစ်တကျ ထုပ်ပိုးစွန့်ပစ်ပါ။ စွန့်ပစ်ပြီးလျင် လက်ဆေးပါ။

 

၇။ Pad rash ဆိုတာ ဘာလဲ

အဖြစ်နည်းပေမယ့် သတိထားရမည့် ပြသနာတခုပါ။ အထူးသဖြင့် သွေးဆင်းများတဲ့နေ့တွေမျိုးမှာ ပေါင်ခြံတ၀ိုက်ဟာ အချိန်ကြာမြင့်စွာ စိုစွတ်နေမှုကြောင့် နီရဲရောင်ရမ်းခြင်း၊ ယားယံခြင်းတို့ ဖြစ်တတ်ပါတယ်။  တခါတရံ အရေပြားတွေ ကွာတဲ့အထိ ဖြစ်နိုင်ပါတယ်။ ဒီလိုပြသနာတွေကာကွယ်ခြင်ရင်တော့ မိန်းမကိုယ်နှင့် အနီးတ၀ိုက်ကို အစဉ်ခြောက်သွေ့နေစေရန်လိုအပ်ပါတယ်။ အကယ်၍ ဖြစ်လာခဲ့ရင် ခြောက်သွေ့ရန်နှင့် အချိန်မှန်လဲလှယ်ရန် ပိုမိုဂရုစိုက်ဖို့ လိုပါတယ်။ ညအိပ်ယာဝင်ချိန်နှင့် ရေချိုးပီးချိန်တွေမှာ ပိုးသတ်ဆေးပါတဲ့ ခရင်မ် တစ်မျိုးမျိုးလိမ်းပေးလို့ရပါတယ်။ မသက်သာခဲ့ရင်တော့ ဆရာဝန်နှင့် တိုင်ပင်ပြီး အရေပြားခြောက်သွေ့စေတဲ့ ဆေးပေါင်ဒါ အသုံးပြုနိုင်ပါတယ်။

Tips: တတ်နိုင်သမျှ ခြောက်သွေ့နေပါစေ။

 

၈။ ၂ ခုထပ် သုံးသင့်သလား

အချို့က စိုးရိမ်စိတ်ကြီးပီး ဂွမ်းထုတ် ၂ ခု ထပ်သုံးတာ၊ အခြားအ၀တ်စတွေပါ ရောခံထားတာမျိုး ပြုလုပ်တတ်ကြပါတယ်။ ဂွမ်းထုတ် ၂ ခုထပ်သုံးခြင်းဖြင့် မိမိသွေးဆင်းတဲ့ ပမာဏ အမှန်ကို မသိနိုင်ဘဲ အချိန်မှန်လဲလှယ်ရာမှာ အခက်အခဲရှိနိုင်ပါတယ်။ ဒါ့အပြင် ၀တ်ဆင်ရတာ သက်တောင့်သက်သာ မရှိခြင်းတို့ကြောင့် အရေပြားယားယံ နီရဲခြင်း၊ စိတ်ရှုပ်ရခြင်းတို့ ဖြစ်နိုင်ပါတယ်။ ထို့အတူပဲ မသန့်ရှင်းတဲ့ အ၀တ်စတွေ ခုခံထားခြင်းဖြင့် ရောဂါပိုးများစွာ အလွယ်တကူ ၀င်ရောက်နိုင်ပါတယ်။

Tips: အစိုးရိမ်မကြီးပါနှင့်။ ပုံမှန်သာ အသုံးပြုပါ။

 

၉။ ရေချိုးလို့ ရလား

ရာသီလာစဉ် ရေမချိုးသင့်ဘူးလား။ ဒီအယူအဆဟာ ရှေးယခင် အမျိုးသမီးများဟာ မြစ်၊ ချောင်း၊ အင်း၊ အိုင် အစရှိတဲ့ လူအများအသုံးပြုတဲ့နေရာမှာ ရေချိုးခြင်းကို တားမြစ်လိုခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ ခုချိန်မှာတော့ မိမိကိုယ်ပိုင်ရေချိုးခန်းမှာ ချိုးကြတာများတာကြောင့် ဒီအယူအဆကို ဆက်လက်ဖက်တွယ်မထားသင့်တော့ပါဘူး။ ရေချိုးခြင်းဖြင့် စိတ်လက်ကြည်လင်မှုကို ရနိုင်သလို မိန်းမကိုယ်ကိုလည်း သေချာသန့်ရှင်းဖို့ အခွင့်အရေးရပါတယ်။ ဒါ့အပြင် ရေနွေးနွေး ရေပန်းကို မိမိရဲ့ခါး၊ ၀မ်းဗိုက်တို့ကို ချိန်ရွယ်ကျဆင်းစေခြင်းဖြင့် ရာသီလာစဉ် ခါးကိုက်ခြင်း၊ ဆီးစပ်ကိုက်ခြင်းတို့ကို သက်သာစေနိုင်ပါတယ်။

Tips: ရေမှန်မှန်ချိုးပါ။

 

၁၀။ ဘာတွေ ပြင်ဆင်ထားရမလဲ

ရာသီလာဖို့ရက်နီးပီဆိုတာနဲ့ ကိုယ်နဲ့မကွာ သယ်သွားသင့်တဲ့ ပစ္စည်းတွေရှိပါတယ်။ ရာသီလာချိန်မှ အရေးပေါ် လိုက်ရှာရတာထပ်စာရင် ကြိုတင်ပြင်ဆင် စုဆောင်းထားရှိထားတာ ပိုကောင်းပါတယ်။

လစဉ်သုံး ဂွမ်းထုတ်။

အပိုဆောင်ထားမည့် လစဉ်သုံး ဂွမ်းထုတ်တွေကို သန့်ရှင်းတဲ့ အိတ်လေးတခုနှင့် သီးသန့် ထည့်ပြီး သိမ်းဆည်းထားသင့်ပါတယ်။ တခြားပစ္စည်းများနှင့် ရောနှောထားခြင်းဖြင့် ရောဂါပိုးများ အလွယ်တကူ ကပ်ငြိတွယ်လာနိုင်ပါတယ်။

Soft towel ။

အတန်အသင့် အမျိုးအစားကောင်းတဲ့ soft towel၊ wet tissue လေးတွေ ဆောင်ထားသင့်ပါတယ်။ စက္ကူတစ်ရှုးဟာ ရေနဲ့ထိရင် ပျက်စီးသွားမှာဖြစ်တဲ့အတွက် အ၀တ်သားနဲ့လုပ်ထားပြီး ပိုးသတ်ထားတဲ့ towel လေးတွေကို သန့်ရှင်းရေးပြုလုပ်ရာမှာ အသုံးပြုရန် ပိုမိုသင့်တော်ပါတယ်။

Hand Sanitizer ။

အရွယ်အစားသေးငယ်တဲ့ လက်ဆေး ပိုးသတ်ဆေးရည်လေးဘူးလေးတွေ အလွယ်တကူရနိုင်နေပါပြီ။ ရေမရနိုင်တဲ့ အချိန်မှာတောင် သင့်လက်တွေ သန့်ရှင်းဖို့ အသုံးပြုနိုင်ယုံမက အိမ်သာထဲမှာရှိတဲ့ တံခါးလက်ကိုင်၊ ရေပိုက်ခေါင်း စသည်တို့ကို မထိတွေ့ခင် သန့်ရှင်းရာမှာလည်း သုံးနိုင်ပါတယ်။

Antibiotic cream ။

သင်ဟာ အရေပြား နီရဲယားယံ တတ်သူဆိုရင်တော့ ပိုးသတ်ဆေး ခရင်မ်လေးတွေ ဆောင်ထားသင့်ပါတယ်။ မိမိတစ်ဦးတည်း အသုံးပြုတာဖြစ်ဖို့တော့ လိုပါလိမ့်မယ်။

မုန့်၊ ရေဘူး ။

ရာသီလာနေစဉ်မှာ သင့်ခန္ဓာကိုယ်က စွမ်းအင်နဲ့ ရေဓါတ်တွေ ဆုံးရှုံးနေမှာဖြစ်လို့ အလွယ်စားလို့ရတဲ့ မုန့်၊ ရေဘူးတို့ ဆောင်ထားခြင်းဟာ သင့်ကို အလွယ်တကူ အင်အားပြည့်စေမှာပါ။

Ref: The Health site.com; hygiene during menstrual periods-10 things you should know

ရေးသားသူ –

ဒေါက်တာကြည်ထွန်းလွင် (M.B.,B.S Ygn), (M.P.H.M, Mahidol, Thailand)

မှတ်ချက်ရေးပါ

ထုတ်ကုန်များ

နေ့စဉ်သားဆက်ခြားသောက်ဆေး၊ အရေးပေါ်သောက်ဆေး၊ သားဆက်ခြားထိုးဆေး အပါအဝင် အမျိုးသားသုံးကွန်ဒုံးများ

ကြည့်ရန်
ဆက်စပ်ပို့စ်များ

ကိုယ်လက်နှီးနှောခြင်းက ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသလား

လိင်ကိစ္စဆိုတာ လူသားတွေရဲ့ ဘဝအတွက် အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ကလေးမွေးပြီး မျိုးဆက်ပြန့်ပွားစေတာအပြင် အဖော်နှစ်အယောက်အတွက် ရင်းနှီးကျွမ်းဝင်မှု ပိုမိုတိုးတက်စေပြီး ကာမသုခတွေကိုပါ ပေးစွမ်းနိုင်ပါတယ်။ ကိုယ်လက်နှီးနှောတာနဲ့ တကိုယ်ရည်အာသာဖြေတာက စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ တိုးတက်ကြံခိုင်စေဖို့ အထောက်အကူပေးနိုင်ပါသေးတယ်။

ပိုပြီးဖတ်ပါ

ကိုယ်လက်နှီးနှောခြင်းက ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသလား

လိင်ကိစ္စဆိုတာ လူသားတွေရဲ့ ဘဝအတွက် အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ကလေးမွေးပြီး မျိုးဆက်ပြန့်ပွားစေတာအပြင် အဖော်နှစ်အယောက်အတွက် ရင်းနှီးကျွမ်းဝင်မှု ပိုမိုတိုးတက်စေပြီး ကာမသုခတွေကိုပါ ပေးစွမ်းနိုင်ပါတယ်။ ကိုယ်လက်နှီးနှောတာနဲ့ တကိုယ်ရည်အာသာဖြေတာက စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ တိုးတက်ကြံခိုင်စေဖို့ အထောက်အကူပေးနိုင်ပါသေးတယ်။

ပိုပြီးဖတ်ပါ